“ကိုယ့်လူမျိုးကိုသတ်တဲ့အဖွဲ့ မဟုတ်ပါဘူး”ဆိုတဲ့စကားက ပြည်နယ်တစ်ခုတည်းမှာ အတူယှဉ်တွဲနေထိုင်တဲ့ အခြားလူမျိုးတွေအတွက် စိုးရိမ်စရာဖြစ်နေမလား
■ အစိုးရရဲ့ NRPC ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့မှ ကိုယ်စားလှယ်တွေရဲ့ ကျိုင်းတုံမြို့ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် AAလက်နက်ကိုင်အဖွဲ့မှ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ရဲ့မီဒီယာတွေကို ပြောကြားမှုဖြစ်ပါတယ်။
■ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ သြဂုတ်လ၁၅ရက်နေ့ကစတင်ခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် ရှမ်းပြည်နယ်မှာ လမ်းတံတားတွေပျက်စီးခဲ့ရပြီး တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအပြင် လူမှုကူညီရေးအသင်းဝင်တစ်ချို့နဲ့ အရပ်သားတစ်ချို့သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။ အခုရက်ပိုင်းတိုက်ခိုက်မှုဖြစ်စဉ်တွေကြောင့်လည်း အရပ်သားတစ်ချို့သေဆုံးမှုရှိနေသလို ပြည်ထောင်စုလမ်းမကြီးမှာသွားလာနေတဲ့ အရပ်သားတွေစီးနင်းလိုက်ပါလာတဲ့ ကားတွေကို မီးရှို့ဖျက်စီးမှုဖြစ်စဉ်တွေနဲ့ ဟန့်တားနှောင့်ယှက်မှုဖြစ်စဉ်တွေလည်းရှိလာနေပါတယ်။
■ လက်ရှိတိုက်ခိုက်မှုဖြစ်စဉ်တွေကြောင့် မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်းနဲ့ ကုန်သွယ်ရေးစခန်းတွေလည်း ထိခိုက်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုဝင်ငွေအများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံနှင့် အဓိက ကုန်သွယ်လမ်းကြောင်းကို ရပ်ဆိုင်းသွားအောင် ပြုလုပ်တဲ့အခြေအနေလို့ဆိုရမှာလည်းဖြစ်ပါတယ်။