မန်စီးတီးဘက်က ကြည့်တော့ ဗီလိန်၊ အမှန်တရားဘက်က ကြည့်တော့ သူရဲကောင်း . . .

မန်စီးတီးဘက်က ကြည့်တော့ ဗီလိန်၊ အမှန်တရားဘက်က ကြည့်တော့ သူရဲကောင်း . . .
Published 22 February 2020

 

ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် (၂) နှစ် ပိတ်ခံလိုက်ရလို့ မန်စီးတီးအသင်း ကမ္ဘာပျက်မတတ် ဖြစ်နေလိမ့်မယ်။ ဒီလိုမျိုး မန်စီးတီးကို အရေးယူနိုင်ဖို့ လျှောက်ခဲ့ရတဲ့ခရီးလမ်းက မလွယ်ကူခဲ့ပါဘူး။ ငွေကြေးနဲ့ အင်အားပါဝါကြီးမားသူတွေကို "ငွေများငွေနိုင်" ခေတ်ကြီးထဲမှာ အရေးယူရတာ ခက်ခဲတယ် မဟုတ်လား . . .  

ဒီအရေးယူမှု မတိုင်ခင် စုံစမ်းစစ်ဆေးမှုတွေကို ဖြစ်တည်စေခဲ့တာက မန်စီးတီးအသင်းရဲ့ အကြီးပိုင်း တာဝန်ရှိသူတွေက အသင်းပိုင်ရှင် ရေနံသူဌေးတွေထံ ပေးပို့တင်ပြခဲ့တဲ့ Emails တွေပါပဲ။ အဲဒီ Emails တွေကို ဟက်ကာတစ်ဦးက Hack လုပ်ခဲ့ပြီး တင်ပြခဲ့လို့ အခုအချိန်မှာ ဒီလိုအရေးယူမှုမျိုး ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်ခဲ့တဲ့ သူကတော့ ရူအီပင်တိုဆိုတဲ့ ပေါ်တူဂီ ဟက်ကာတစ်ဦးပါ။ 

ပင်တိုရဲ့ လုပ်ရပ်က ဥပဒေဘောင်ထဲက ကျော်လွန်သွားတာမျိုး ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ဒီနေ့ခေတ်မှာ နောက်ကွယ်က အပုပ်နံ့တထောင်းထောင်း ကိစ္စတွေကို ဖော်ထုတ်နိုင်နိုင်ဖို့ ပင်တိုလို လူစားမျိုးတွေ လိုအပ်နေပါတယ်။

အမှန်တရားတွေဟာ ဥပဒေဘောင်ထဲမှာပဲ ရှိနေမယ်လို့ ယူဆလို့မရနိုင်ဘူး။ လောကကြီးက အမြဲ တရားမျှတနေတာ မဟုတ်ပါဘူး။ သူခိုးလေးတွေက အဖမ်းခံရပြီး သူခိုးကြီးတွေက လွတ်မြောက်နေကြတယ်ဆိုတဲ့ ရှေးစကားပုံက အခုထိ မှန်နေတယ်ဆိုတာ သတင်းစာမျက်နှာတွေထက်၊ လူမှုကွန်ရက်တွေထက်မှာ ကြည့်ရင် တွေ့နိုင်ပါတယ်။ ဒီတော့ သူခိုးကြီးတွေကို ဖမ်းဖို့အတွက် ရူအီပင်တိုလိုလူမျိုး လိုအပ်နိုင်ပါတယ်။ သူခိုးကြီးတွေဘက်က ကြည့်ရင်တော့ သူက ဗီလိန်ပေါ့၊ ဒါပေမဲ့ အမှန်တရားဘက်က ကြည့်ရင်တော့ သူတို့တွေက အမြဲသူရဲကောင်း ဖြစ်နေပါလိမ့်မယ် . . .

Most Viewed

Most Recent