■ အိပ်မက်ကဇာတ်ရုံရဲ့ သူရဲကောင်းသစ်

■ အိပ်မက်ကဇာတ်ရုံရဲ့ သူရဲကောင်းသစ်
Published 4 March 2020

မြန်မာ့သမိုင်းမှာ ကြားဖူးနာဝရှိခဲ့ဖူးတဲ့ ဒဏ္ဍာရီတစ်ခု ရှိတယ်။ အနော်ရထာမင်းကြီးက ဥဿပဲခူးမှာ ထကြွနေတဲ့ ဂျွမ်းစစ်သည်တွေကို နှိမ်နင်းဖို့ ကျန်စစ်သားဦးဆောင်တဲ့ စစ်သည် (၄) သိန်းကို စေလွှတ်လိုက်တယ်တဲ့။ တကယ်တော့ (၄) သိန်း ဆိုပေမယ့် ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးဆိုတဲ့ သူရဲကောင်း (၄) ယောက်ကို လွှတ်လိုက်တာပါ။ ဒီ(၄) ဦးက စစ်သည် (၄)သိန်းအားနဲ့ ညီမျှတဲ့သဘောပေါ့။ ဒါဟာ ဒဏ္ဍာရီတစ်ပုဒ် ဖြစ်ကောင်းဖြစ်နိုင်တယ်။ အတိတ်ကို အတိတ်မှာပဲ ခေတ္တထားခဲ့လိုက်ပါ။ ပစ္စုပ္ပန်ကို တည့်တည့် ရှုကြည့်ပါဦး . . .

ဟော. . .ဟိုမှာ၊ အိပ်မက်ကဇာတ်ရုံ ဆိုတဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းကြီးထဲမှာ . . . စစ်သည်(၄)သိန်းအားနဲ့ ညီမျှတဲ့ သူရဲကောင်းသစ်တစ်ယောက် ပေါ်ထွန်းလာတာကို မြင်ကြရဲ့လား... ။

လူအနေနဲ့ မြင်ကြည့်လိုက်ရင်တော့ သူက တစ်ယောက်တည်း၊ အရည်အသွေးအရဆိုရင်တော့ သူဟာ (၄) ယောက်အားနဲ့ ညီမျှနေတယ်။ သွင်းဂိုးလား၊ ဂိုးဖန်တီးမှုလား၊ ကစားကွက်တည်ဆောက်မှုလား၊ ခံစစ်ကူညီမှုလား။ ဒါတွေအားလုံးကို သူ့ဆီက ရနို်င်တယ်။ ဒါဟာ ဘရူနိုဖာနန်ဒက်စ်ရဲ့ စွမ်းအားတွေပါပဲ။

Captain America ရုပ်ရှင်ထဲက Captain America မဖြစ်ခင် စတိဗ်ရော်ဂျာစ်အပိန်လေးကို မြင်ယောင်ကြည့်လိုက်ပါ။ I can do this all day လို့ဆိုပြီး အနိုင်ကျင့်သူတွေကို ပြန်ချခဲ့တာ စတိဗ်ရော်ဂျာရဲ့ သတ္တိပဲ၊ ခွန်အားပဲ။ ရဲစွမ်းသတ္တိဆိုတာ ဗလပေါ်မှာ မူတည်နေတာမဟုတ်ပါဘူး။ ဘရူနိုဟာလည်း ဒီလိုပဲ။ လူကြည့်တော့ ပိန်လှပ်လှပ်၊ ဒါပေမဲ့ စိတ်ဓာတ်ကတော့ တကယ့် အမာစား၊ အမိုက်စား...။