ဂန္ထဝင်လိဂ်ပြိုင်ပွဲ စီးရီးအေက ကိုုရိုနာနဲ့ အစောဆုံးယဉ်ပါးခဲ့ရတဲ့ လိဂ်ပါပဲ။ ဂျူဗင်တပ်စ်နောက်ခံလူ ရူဂါနီက စလိုက်တာ၊ ဂတ်ဘီယာဒီနီ၊ ကူထရိုနီ၊ နောက်တော့ မာတွီဒီ။ နောက်ဆုံးမှာတော့ ပရိသတ်အချစ်တော် ဒီဘားလား။ ပွဲတွေရပ်၊ ကစားသမားတွေကိုလည်းကူးနဲ့၊ ကိုရိုနာက အားလုံးကို ဝရုန်းသုန်းကားလုပ်ပစ်လိုက်ပါတယ်။ ဒီအချိန်မှာ အင်တာမီလန်တိုက်စစ်မှူး လူကာကူကတော့ အသင်းရဲ့ စီမံပေးမှုနဲ့ တစ်ဦးတည်း သီးခြားနေထိုင်လျက်ရှိပါတယ်။ တစ်နေ့ တစ်နေ့ အခန်းကျဉ်းလေးထဲမှာပဲ အချိန်ကုန်ဆုံးလို့ပေါ့။
ဆီးချိုရောဂါရှိတဲ့ သက်ကြီးရွယ်အို မိခင်ဖြစ်သူအတွက် စိုးရိမ်လို့ လူကာကူ အိမ်ကိုတောင် မပြန်ရဲပါဘူး။
တစ်ကိုယ်တည်း ဖြစ်နေတဲ့အချိန်တွေမှာ စဉ်းစားနေမိမှာက တစ်ချိန်က အဖြစ်အပျက်တွေအကြောင်း၊ အမှတ်ရစရာတွေ၊ အောင်မြင်မှုတွေ၊ ကျရှုံးမှုတွေအကြောင်းပေါ့။ လူကာကူကတော့ သူ့ရဲ့ မန်ချက်စတာယူနိုက်တက်က နေ့ရက်တွေအကြောင်း ပြန်စဉ်းစားမိနေတယ်။ အဲဒီမှာ သူ့ကိုအောင်မြင်တယ်လို့ ဆိုရမလား၊ ကျရှုံးတယ်လို့ဆိုရမလား။ ဘယ်လိုပဲဖြစ်ဖြစ် ယူနိုက်တက်မှာ ကစားခဲ့တာက သူဒီနေ့အချိန်မှာရရှိတဲ့ ကျော်ကြားမှုနဲ့ ဂုဏ်ရောင်ဂုဏ်ဝါကို အများကြီး အထောက်အကူ ပြုခဲ့တယ်ဆိုတာတော့ အသေအချာပဲ။ တကယ်တော့ ဆိုးလ်ရှားက လူကာကူကို အသင်းမှာ ဆက်မရှိစေချင်လို့ ရောင်းပစ်တယ်ဆိုတဲ့ ကောလဟလတွေ ထွက်ခဲ့သေးတယ်။ အဲဒါက တကယ်မဟုတ်ဘူးဆိုတာ လူူကာကူကိုယ်တိုင် အတည်ပြုပါတယ်။