■ အိမ်ရှေ့ဝရန်တာမှာ သီချင်းအတူဆိုရအောင်

■ အိမ်ရှေ့ဝရန်တာမှာ သီချင်းအတူဆိုရအောင်
Published 27 March 2020

မတ်လရဲ့ နံနက်ခင်းတစ်ခုမှာ ကျွန်တော် ရုတ်တရက်လန့် နိုးလာတယ်။ မအီမသာခံစားချက်ကြီး ရင်ထဲထွေးပိုက်ပြီး ရုတ်တရက်လန့်နိုးလာတာပါပဲ။ ကျွန်တော် ဖျားနေတယ်၊ ခေါင်းကိုက်နေတယ်၊ ကျွန်တော့်မျက်လုံးတွေဟာ မီးလောင်နေသလို ပူနေတယ်။ ညကလည်း ခန္ဓာကိုယ်တစ်ခုလုံး ခိုက်ခိုက်တုန်အောင် အေးနေခဲ့တယ်။ ကျွန်တော့်ခန္ဓာကိုယ်ထဲ ဟိုကောင်ရောက်နေပြီလို့ ထင်မိတယ်။ ကိုရိုနာဗိုင်းရပ်စ်လေ။ လူတစ်ကိုယ်လုံး လောင်မြိုက်နေသလို၊ ကိုယ်ခံစားနေရတာ ခဏမေ့ထားပြီး ကျွန်တော့်မိသားစုဝင်တွေ ကိုရိုနာဗိုင်း ရပ်စ်ကူးစက်ခံရမှာ ပိုပြီးစိုးရိမ်မိတယ်။ ကျွန်တော့် မိသားစုဝင်တွေထဲမှာ ကျွန်တော့်ထက် အသက်ကြီးသူတွေရှိတယ်၊ ကျွန်တော့်လောက် ခံနိုင်ရည်မရှိသူတွေ ရှိတယ်မဟုတ်လား။ ။

ကျွန်တော်တို့ တစ်နိုင်ငံလုံး Lockdown လုပ်ထားရတယ်။ အားကစားပြိုင်ပွဲတွေ အားလုံးရပ်ဆိုင်းထားရတယ်။ စီးရီးအေပြိုင်ပွဲ ဘယ်အချိန်ကျင်းပမလဲဆိုတာလည်း ဘယ်သူမှ မသိနိုင်ဘူး။ စီးရီးအေပြိုင်ပွဲအပြင် တခြားဥရောပထိပ်တန်းလိဂ်တွေလည်း ဘယ်အချိန်ပြန်စမလဲ ဘယ်သူမှမသိနိုင်ဘူး။ ဘောလုံးအားကစားနည်းဟာ ကျွန်တော့်ရဲ့ဘဝပါပဲ။ ဒီတော့ ဘောလုံးပွဲတွေ ရပ်တန့်နေတာဟာ ကျွန်တော့်နှလုံးသားကို ဓားနဲ့ခွဲထားသလိုပဲ။ ဟင်းလင်းပြင် ခံစားချက်ကို ဖြစ်ပေါ်စေတယ်။

အီတလီနိုင်ငံရဲ့ အလုံပိတ်မြို့တော်တွေဟာ စိတ်ဖိစီးမှုများစွာနဲ့ တိတ်ဆိတ်ခြောက်ကပ်လို့၊ နာကျင်စရာနဲ့ စိုးထိတ်မှုတွေ ပြန့်ကျဲလို့၊ အလုံပိတ်မြို့တော်တွေထဲ အနေကြာလာတဲ့အခါ လူသားဟာ ဘယ်လောက်စိတ်ထိခိုက်နေရမလဲ။ လူသားဟာ လူသားဆန်ဆန် ရှင်သန်ခွင့် မရတဲ့အခါ ဘယ်လောက်များ တုန်လှုပ်နေမလဲ။ ကျွန်တော်တို့မြို့လေးရဲ့ ခပ်ကျဉ်းကျဉ်းလမ်းမတွေကြားက စားသောက်ဆိုင်တွေဆီ မရောက်တာကြာတဲ့အခါ၊ ဗင်းနစ်မြစ်ကမ်းဘေးက တံတားပေါ်မှာ လမ်းမလျှောက်ရတာကြာတဲ့အခါ၊ လှောင်အိမ်ထဲကငှက်လို ကိုယ်လိုရာ မပျံသန်းနိုင်တဲ့ဘဝမျိုး ဖြစ်နေမလားပဲ။ တစ်ခါတလေ လူတွေရဲ့အဝေး ထွက်ပြေးချင်ခဲ့ဖူးပါလိမ့်မယ်။ အဲဒီခံစားချက်တွေဟာ တစ်ကိုယ်ရည်စာ မွန်းကျပ်မှုရဲ့ခေတ္တ ထွက်ပေါက်တစ်ခုလို့ ကျွန်တော် ထင်တာပဲ။

အီတလီနိုင်ငံဟာ သံပတ်သေသွားတဲ့နာရီတစ်လုံးလို ရပ်တန့်နေပြီ။ ဒါပေမဲ့ တိတ်ဆိတ်ခြောက်ကပ်မှုများအလွန်မှာ အလုံပိတ်မြို့တော်ထဲ သီချင်းသံတွေ ကြားလာရတယ်။ ကျွန်တော့်အိမ်နီးနားချင်းတွေဟာ တိုက်တန်းလျားတွေရဲ့ ဝရန်တာဘက်ထွက်ပြီး ကောင်းကင်ကြီးကို အတူမော့ကြည့်ကြတယ်။ လေငွေ့ကို ရှူရှိုက်ကြတယ်။ ပြီးတော့ သီချင်းတွေ အတူဆိုကြတယ်။ ဒါဟာ အီတလီနိုင်ငံသား ပီသခြင်းပါပဲ။ ကျွန်တော်တို့ဟာ ခက်ခဲနေတဲ့အချိန်မှာ နာကျင်မှုကို တတ်စွမ်းသမျှ ဖြေဖျောက်ချင်တဲ့ အီတလီနိုင်ငံသားတွေပါပဲ။ ကပ်ရောဂါတစ်ခုဟာ ကျွန်တော်တို့နိုင်ငံဆီ ပြင်းထန်စွာဆိုက်ရောက်နေပေမယ့် ဒီနိုင်ငံကနေ ကျွန်တော် ထွက်ခွာသွားမှာမဟုတ်ဘူး။ သီချင်းတွေအတူဆိုရအောင်၊ လာပါ၊ အိမ်ရှေ့ဝရန်တာထွက်ပြီး သီချင်းတွေအတူဆိုရအောင်။

Most Viewed

Most Recent