■ မာနေက အသည်းနှလုံးကြီးသူလား ၊ ဒုတိယမြောက် ဂျော့ချ်ဝီယာလား …
မာနေလျှောက်နေတဲ့လမ်းကို စဉ်းစားမိတဲ့အခါတိုင်း အမြဲေ၀ဝါးနေတဲ့အရာတစ်ခုရှိပါတယ်။ သူက ဖြူစင်ပြီး နွေးထွေးတဲ့နှလုံးသားပိုင်ရှင်တစ်ဦးလား၊ အနာဂတ်ပုံရိပ်ကောင်းကို အခုကတည်းက အကွက်ချ ထုဆစ်နေသူလား။ ဒါမှမဟုတ် နှစ်ခုစလုံး ဖြစ်တည်နေတာလား။ တကယ်လို့များ မာနေဟာ ဖြူစင်တဲ့နှလုံးသား ပိုင်ရှင်တစ်ဦးဖြစ်နေတယ်၊ ကူညီဖေးမတတ်တဲ့ စိတ်ထားမျိုးကို ပိုင်ဆိုင်ထားတယ်ဆိုရင် ချီးကျူးစရာ တကယ်ကောင်းပါတယ်။ အဲဒီလိုမဟုတ်ဘဲ သူက အနာဂတ် ရည်မှန်းချက်တစ်ခုအတွက် PR ကောင်းကောင်းနဲ့ ထုဆစ်ပုံဖော်နေတာဆိုရင်တော့ မြင့်မားတဲ့ ဉာဏ်ရည်ဉာဏ်သွေးကိုပါ ပိုင်ဆိုင်ထားတယ်လို့ပဲ ပြောရမယ်။
အာဖရိကမှာတော့ သူ့အတွက်နောင်တော်ကြီးက ဂျော့ချ်ဝီယာပဲ။ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဟောင်းဂျော့ချ်ဝီယာဟာ အခုဆိုရင် လိုင်ဘေးရီးယားရဲ့သမ္မတတစ်ဦးဖြစ်နေပြီ။ လိုင်ဘေးရီးယားပြည်သူတွေက ဂျော့ချ်ဝီယာဆီက ဘာတွေမျှော်လင့်သလဲဆိုရင် ရိုးသားမှုပဲ။ ဝီယာအတွက် ဘာတွေပြန်ပေးချင်သလဲဆိုရင် မေတ္တာလို့ပဲဆိုရမယ်။ နိုင်ငံရေးသမားတစ်ဦးအတွက် မဖြစ်မနေလိုအပ်နေတဲ့အရာတစ်ခုကို ဝီယာဟာ ရရှိခဲ့ပြီးဖြစ်နေတယ်။ တကယ်လို့ ဂျော့ချ်ဝီယာ-လိုင်ဘေးရီးယားနေရာမှာ မာနေ-ဆီနီဂေါဆိုပြီး စဉ်းစားကြည့်ရင် ဘယ်လိုနေမလဲ။ ဆီနီဂေါပြည်သူတွေက မာနေကို ချစ်ကြတယ်။ အားကိုးကြတယ်။ အခုအချိန်မှာတော့ ဘောလုံးသမားတစ်ဦးအနေနဲ့ပါပဲ။ ဒါပေမဲ့ ဒီအရာတွေက တစ်ချိန်မှာ မာနေအတွက် လုံလောက်တဲ့ မဲအရေအတွက်ဖြစ်လာနိုင်တယ်။
“ကျွန်တော့်အတွက် ဖာရာရီ ၁၀ စီးပိုင်ပြီး ဘာလုပ်ရမှာလဲ။ စိန်ပွင့် ၂၀ နဲ့နာရီ။ ကိုယ်ပိုင်လေယာဉ်။ ဒီအရာတွေက ကမ္ဘာကြီးအတွက် ဘာအဓိပ္ပာယ်ရှိသွားလဲ။ ဒါတွေအစား ဆင်းရဲတဲ့သူတွေအတွက် ဖိနပ်တွေ၊ အဝတ်အစားတွေ မျှဝေပေးတာက ပိုအဓိပ္ပာယ်ရှိပါတယ်’’ဆိုတဲ့ စကားဟာ လူတွေ သည်းခြေကြိုက်စကား။ ပြီးတော့ သူလုပ်နေတဲ့လုပ်ရပ်၊ သူ့ရဲ့အနေအထိုင်နဲ့ ကိုက်ညီလွန်းတဲ့စကား။ ဒါကြောင့် မာနေဟာ ဖြူစင်ရိုးသားသူ သက်သက်လား။ ဒုတိယမြောက် ဂျော့ချ်ဝီယာလား . . .ဆိုတာ အတွေးပွားစရာပါ။