ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ရန်ပုံငွေအတွက် တွစ်တာစီအီးအိုက ဒေါ်လာတစ်ဘီလီယံ လှူမည်

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ရန်ပုံငွေအတွက် တွစ်တာစီအီးအိုက ဒေါ်လာတစ်ဘီလီယံ လှူမည်
Published 9 April 2020

တွစ်တာနဲ့ ငွေပေးချေမှု အက်ပလီကေးရှင်း Square ရဲ့ စီအီးအိုဖြစ်သူ ဂျက်ခ်ဒေါ်ဆီဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ဒေါ်လာတစ်ဘီလီယံ လှူဒါန်းသွားမယ်လို့ ကတိပြုလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ချုပ်ငြိမ်းသွားချိန်မှာလည်း အဲဒီရန်ပုံငွေတွေကို အမျိုးသမီးငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေးကဏ္ဍနဲ့ ကမ္ဘာလုံးဆိုင်ရာ အခြေခံဝင်ငွေနဲ့ပတ်သက်တဲ့ သုတေသနလုပ်ငန်းတွေမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်နဲ့ ရင်ဆိုင်နေရချိန်မှာ အရေးပေါ်လိုအပ်ချက်တွေ မြင့်တက်လာမှုကြောင့် Square အက်ပလီကေးရှင်းမှာ ထည့်ဝင်ထားတဲ့ သူ့ရဲ့ရှယ်ယာတွေကနေ ရန်ပုံငွေအတွက် အသုံးပြုသွားမယ်လို့လည်း သူကပြောပါတယ်။ အသက် ၄၃ နှစ်အရွယ် ဂျက်ခ်ဒေါ်ဆီဟာ တွစ်တာကုမ္ပဏီနဲ့ Square ရဲ့ စီအီးအိုအဖြစ် တာဝန်ယူထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ အသားတင် ကြွယ်ဝချမ်းသာမှုတန်ဖိုးဟာ ဒေါ်လာ ၃.၃ ဘီလီယံရှိတာကြောင့် ကြွယ်ဝချမ်းသာမှု စုစုပေါင်းရဲ့ ၂၈ ရာခိုင်နှုန်းကို လှူဒါန်းသွားမှာလည်း ဖြစ်ပါတယ်။

အဲဒီရန်ပုံငွေတွေကိုတော့ ၎င်းရဲ့ Start Small ဖောင်ဒေးရှင်းကနေ လှူဒါန်းသွားမယ်လို့ သိရပါတယ်။ "တခြားသူတွေကိုလည်း ကျွန်တော့်လို လှူဒါန်းလာအောင် လှုံ့ဆော်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘဝဆိုတာ တိုတိုလေးပါပဲ" လို့ ဒေါ်ဆီက တွစ်တာကနေရေးသားခဲ့ပါတယ်။ နည်းပညာနယ်ပယ်က နောက်ထပ်ဘီလျံနာတွေဖြစ်တဲ့ ဖေ့စ်ဘွတ်တည်ထောင်သူ မာ့ခ်ဇူကာဘတ်ဟာ ဒေါ်လာသန်းသုံးဆယ် လှူဒါန်းမယ်လို့ ကတိပြုထားသလို အမေဇုန်ကုမ္ပဏီတည်ထောင်သူ ဂျက်ဖ်ဘီဇော့ကလည်း ဒေါ်လာသန်းတစ်ရာ လှူဒါန်းထားပါတယ်။ အက်ပဲလ်စီအီးအို တင်မ်ကွတ်ခ်ကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ်ကို အကြီးအကျယ်ရင်ဆိုင်နေရတဲ့ အီတလီနိုင်ငံအတွက် ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းတွေ လှူဒါန်းသွားမယ်လို့ ကြေညာထားပါတယ်။

Most Viewed

Most Recent