ပြင်သစ်နိုင်ငံအရှေ့ပိုင်းမှာ ဥရောပရဲ့ခေါင်းတလားထုတ်လုပ်ရေးအကြီးဆုံးကုမ္ပဏီ OGF အပိုင် စက်ရုံတစ်ရုံရှိပြီး အဲဒီကစက်ရုံဝန်ထမ်းတွေဟာ အခေါင်းအမှာများလို့ အချိန်ပိုဆင်းပြီး အခေါင်းတွေထုတ်နေရပါတယ်။
ပုံမှန်ဆို အခေါင်းပုံစံ ၁၅ မျိုးရနိုင်ပြီး ကပ်ရောဂါကြောင့်လက်ရှိမှာ ခေါင်းတလား ၄ မျိုးပဲထုတ်တယ်လို့ ဂျက်ဆီမြို့လေးက အဲဒီစက်ရုံရဲ့ဒါရိုက်တာ Emmanuel Garret ( အီမန်နျူရယ် ဂါးရတ်) ကဆိုပါတယ်။ ထုတ်လုပ်တဲ့အရေအတွက်မှာလည်း ပုံမှန်ဆို တစ်နေ့ကို အခေါင်း ၃၇၀ သာထုတ်ပြီး အခုတစ်နေ့ကို အခေါင်း ၄၁၀ ထိတိုးထုတ်နေရကာ ဝန်ထမ်းတွေက တစ်နေ့ကို ၁ နာရီနီးပါးအချိန်ပိုဆင်းနေရပါတယ်။
ပြင်သစ်ဟာ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကိုအဆိုးဆုံးရင်ဆိုင်နေရတဲ့ ဥရောပနိုင်ငံတွေထဲမှာ ပါဝင်ပြီး ကမ္ဘာတဝန်းကိုရိုနာဗိုင်းရပ်စ်ကူးစက်သူဦးရေအများဆုံးနိုင်ငံတွေထဲ နံပတ် (၄)နေရာ၊ သေဆုံးသူအများဆုံးနိုင်ငံတွေထဲမှာလည်း နံပတ်(၄)နေရာမှာရှိနေပါတယ်။
ဥရောပမှာ ဗိုင်းရပ်စ်ကြောင့်သေဆုံးသူစုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းဟာ အီတလီ၊စပိန်၊ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတွေမှာ ဖြစ်ပြီးဥရောပမှာအဆိုးဆုံးနိုင်ငံက အီတလီ၊ ဒုတိယက စပိန်၊ တတိယက ပြင်သစ်၊ စတုတ္တနိုင်ငံက ဗြိတိန်ဖြစ်ပါတယ်။