အောင်သူအနေနဲ့ ရတနာပုံအသင်းမှာ၊ ပြည်တွင်းလိဂ်မှာ မပျော်ရွှင်တော့ဘူးဆိုတဲ့သတင်းတွေကြားနေရတယ်။ အောင်သူဟာ တစ်ချိန်က အာဆီယံဒေသတွင်းမှာ ထိုင်းက ချာနာသစ်၊ ဗီယက်နမ်က ငုယင်ကောင်ဖောင်တို့နဲ့ ခေတ်ပြိုင်အဖြစ် တောက်ပခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ ခြေစွမ်းအတူတူလို့ ပြောခဲ့တဲ့ ချာနာသစ်ဟာ ဂျေလိဂ်မှာ အန်နီယေစတာတို့နဲ့ တစ်တန်းတည်း ကစားနေပြီ။ ငုယင်ကောင်ဖောင်ကလည်း ဗွီလိဂ်အပြင်ဘက်က တောင်ကိုရီးယားလိဂ်အထိ ခြေဆန့်နေပြီ ဖြစ်တယ်။
ဒါပေမဲ့ အောင်သူကတော့ Police Tero မှာ ခြေစွမ်းပြခဲ့တဲ့နှစ်ကလွဲရင် မြောင်တောင်ရောက်ချိန်ကစလို့ လက်ရွေးစင်မှာရော ကလပ်အသင်းမှာပါ အောင်သူဟာ အောင်သူဖြစ်ကြောင်း သက်သေပြချက်တွေ နည်းပါးလာတယ်။ ဒါပေမဲ့ ဒီကစားသမားဟာ လက်ရွေးစင်အသင်းရဲ့ အားထားရတဲ့သူဖြစ်သလို မြန်မာပြည်အတွက်လည်း Icon တစ်ယောက်အဖြစ် ရှိနေဆဲပဲဆိုတာ ပရိသတ်ရဲ့တောင်းဆိုမှုကို ကြည့်ရင်သိနိုင်ပါသေးတယ်။ဒါ့ကြောင့် အောင်သူနဲ့ပတ်သက်ရင် အချိန်ကိုယ်တိုင်က ရောဂါတစ်ရပ်ပုံစံပြောင်းသွားတာထက် အချိန်က ကုစားပေးသွားတာမျိုးပဲဖြစ်စေချင်မိတယ်။ ဘာကြောင့်လဲဆိုရင် သူဟာ (၅၅)သန်းသော ပြည်သူတွေကို ပျော်ရွှင်စေခဲ့ဖူးတဲ့ ကစားသမားတစ်ယောက်ပဲ မဟုတ်လား။