ဆွာရက်ဇ်နဲ့ ဘာစီလိုနာကြားက ဂန္ထဝင်မမြောက်တဲ့ လမ်းခွဲမျက်ရည်

ဆွာရက်ဇ်နဲ့ ဘာစီလိုနာကြားက ဂန္ထဝင်မမြောက်တဲ့ လမ်းခွဲမျက်ရည်
Published 26 September 2020

စက်တင်ဘာ (၂၅)ရက်နေ့က နူးကမ့်မှာပြုလုပ်ခဲ့တဲ့ နှုတ်ဆက်ပွဲမှာ ဆွာရက်ဇ်က အသင်းဖော်တွေဖြစ်တဲ့ မက်ဆီ၊ ပီကေး၊ ဘူးစကွက်ဇ်၊ အယ်လ်ဘာနဲ့ ရောဘတ်တိုတို့ ရှေ့မှောက်မှာပဲ မျက်ရည်တွေနဲ့ နှုတ်ဆက်စကားဆိုခဲ့တယ်။ ဒါက ကစားသမားတစ်ယောက် အသင်းပြောင်းသွားရုံသက်သက်မဟုတ်ဘဲ စိတ်ခံစားချက်အများကြီးနဲ့ လူတစ်ယောက် ထွက်ခွာသွားတာပါလို့ ဆွာရက်ဇ်က ဆိုပါတယ်။ အဲဒီနောက်မှာ ဆွာရက်ဇ်က အဝတ်လဲခန်းထဲက Locker Room ကိုသွားတယ်။ (၆) နှစ်တာ ကျင်လည်ခဲ့တဲ့ အဝတ်လဲခန်းအငွေ့အသက်ကို သူ့ကလေးတွေကို ပြသခဲ့တယ်။ ပြီးတော့ နူးကမ့်ကွင်းကြီးထဲမှာ သူရခဲ့သမျှ ဆုလားတွေအားလုံးနဲ့ ဓါတ်ပုံရိုက်ခဲ့တယ်။

ဆွာရက်ဇ်ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ မက်ဆီကတော့ ဆွာရက်ဇ်အနေနဲ့ သူ့အဆင့်အတန်းနဲ့ထိုက်တန်တဲ့ နှုှတ်ဆက်မှုမျိုးမရခဲ့ဘူး၊ ဘာစီလိုနာဆီကနေ အခုလို ကန်ထုတ်ခံရဖို့ မထိုက်တန်ဘူးလို့ မှတ်ချက်စကားဆိုခဲ့ပါတယ်။ လာမယ့်ရာသီ လာလီဂါပွဲစဉ်တွေအတွင်း နူးကမ့်ကို ပြိုင်ဘက်အဖြစ် သူဘယ်လိုပုံစံ ရောက်လာမလဲ။ မက်ဆီနဲ့ ဘယ်လို ရင်ဆိုင်ကြမလဲ။ ဒီမေးခွန်းတွေက ဒီရာသီ လာလီဂါပြိုင်ပွဲအတွက် စိတ်ဝင်စားစရာအကောင်းဆုံး Drama တစ်ပုဒ်အဖြစ် ရှိနေတော့မှာပါ…။