ဒေါ့မွန်ကိုမရောက်ခင် ဟော်လန်းမှာ အကြီးကျယ်ဆုံးအိပ်မက် နှစ်ခုပဲရှိခဲ့တယ်။ တစ်ခုက သူမွေးဖွားခဲ့ရာ လိဒ်စ်ယူနိုက်တက်ကို ပရီးမီးယားလိဂ်ရစေချင်တဲ့ ဆန္ဒ။ နောက်တစ်ခုကတော့ တစ်ကိုယ်ရည်စာအိပ်မက် ဖြစ်ပြီး နော်ဝေမှာ အောင်မြင်တဲ့ ရပ်ပါတစ်ယောက် ဖြစ်ချင်တဲ့စိတ်။
တစ်နေ့တော့ နော်ဝေရဲ့ Top Chart စာရင်းမှာ သူ့ရဲ့သီချင်းတစ်ပုဒ် ပါစေရမယ်လို့ ဟော်လန်းက ပြောဖူးပါတယ်။ ဟော်လန်းနဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတစ်စု ပေါင်းပြီးဖွဲ့ထားတဲ့ Flow Kings ဆိုတဲ့ အဖွဲ့တစ်ဖွဲ့ရှိတယ်။ ၂၀၁၆ လောက်က You Tube မှာ သူတို့တင်ထားတဲ့ သီချင်းတစ်ပုဒ်က ကြည့်ရှုသူ(၅)သန်းကျော်ရှိတယ်။ Kogo Jo လို့ အမည်ရတဲ့ အဲဒီသီချင်းမှာ ဟော်လန်းက Ling ဆိုတဲ့ နာမည်နဲ့ ရပ်ဝင်ရွတ်ထားတယ်။ အဲဒီသီချင်းဖန်တီးချိန်မှာ သူ့အသက် (၁၅)နှစ်ပဲ ရှိဦးမယ်။