ဂွါဒီယိုလာကို ၂၀၂၃ အထိ မန်စီးတီး သက်တမ်းတိုးခဲ့ပြီး မက်ဆီကို ခေါ်ယူရန် ထပ်မံ ကြိုးပမ်းဖွယ်ရှိ

ဂွါဒီယိုလာကို ၂၀၂၃ အထိ မန်စီးတီး သက်တမ်းတိုးခဲ့ပြီး မက်ဆီကို ခေါ်ယူရန် ထပ်မံ ကြိုးပမ်းဖွယ်ရှိ
Published 20 November 2020

ဂွါဒီယိုလာကို ၂၀၂၃ အထိ မန်စီးတီး သက်တမ်းတိုးခဲ့ပြီး မက်ဆီကို ခေါ်ယူရန် ထပ်မံ ကြိုးပမ်းဖွယ်ရှိ

မန်ချက်စတာစီးတီးအသင်းဟာ နည်းပြ ဂွါဒီယိုလာကို ၂၀၂၃ ခုနှစ်အထိ သက်တမ်းတိုးနိုင်ခဲ့ပြီးနောက် ဘာစီလိုနာတိုက်စစ်မှူးမက်ဆီကိုခေါ်ယူဖို့ ထပ်မံကြိုးစားမယ်လို့ သိရပါတယ်။

အသက် ၄၉ နှစ်အရွယ် စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာဟာ ယခုရာသီအကုန်မှာ မန်စီးတီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးဖို့အတွက် အစောပိုင်းကတည်းက ဆွေးနွေးနေတာ ဖြစ်ပါတယ်။ 
ဂွါဒီယိုလာဟာ မန်စီးတီးအသင်းကို ၂၀၁၆ ခုနှစ်မှာ စတင်ကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆု (၂) ကြိမ်၊ FA ဖလား(၁)ကြိမ်၊ လိဂ်ဖလား(၃)ကြိမ် ရယူပေးနိုင်ခဲ့ပါတယ်။ 

ဂွါဒီယိုလာဟာ မန်စီးတီးအသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားကို ရယူပေးနိုင်ခြင်းမရှိသေးပေမယ့် အသင်းတာဝန်ရှိသူတွေက ရေရှည် လက်တွဲဖို့ ဆန္ဒရှိခဲ့ကြတာကြောင့် စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။ 

ဂွါဒီယိုလာကို သက်တမ်းတိုးနိုင်ခဲ့ပြီးနောက် မန်စီးတီးအသင်းဥက္ကဋ္ဌ မူဘာရက်က "ကျွန်တော်တို့ရဲ့ အနာဂတ်စီမံကိန်းတွေမှာ ဂွါဒီယိုလာ ဆက်ရှိနေမှာကို ကျေနပ်မိပါတယ်။ သူ့ကို သက်တမ်းတိုးနိုင်တာ ကျွန်တော်တို့အသင်းအနေနဲ့ အဆင့်တစ်ဆင့် ထပ်တက်လှမ်း နိုင်တာပါပဲ။ မန်စီးတီးပရိသတ်တွေလည်း ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ရည်မှန်းထားတာတွေအတွက် ပြင်းပြင်းထန်ထန်ကြိုးပမ်းသွားမှာပါ" လို့ ပြောကြားခဲ့ပါတယ်။  

ဂွါဒီယိုလာကလည်း "ကျွန်တော် မန်စီးတီးအသင်းကို စရောက်ကတည်းက အားလုံးရဲ့ နွေးထွေးတဲ့ကြိုဆိုမှုကို ရရှိခဲ့ပါတယ်။ ဒါဟာ နည်းပြတိုင်း လိုလားတဲ့အရာဖြစ်သလို၊ အသင်းတာဝန်ရှိသူတွေရဲ့ ယုံကြည်မှုကြောင့်လည်း အခုလို သက်တမ်းတိုးဖြစ်ခဲ့တာပါ။ ပိုတိုးတက်အောင် ကြိုးစားရမဲ့ အနာဂတ်အတွက် စိတ်လှုပ်ရှားမိပါတယ်" လို့ ကလပ်အသင်းရဲ့ ဝက်ဘ်ဆိုက်ကနေ ပြောကြားခဲ့ပါတယ်။ 

မန်စီးတီးအသင်းဟာ ဘာစီလိုနာနဲ့ လမ်းခွဲဖို့ ပြင်ဆင်နေတဲ့ မက်ဆီကို ခေါ်ယူဖို့ ကြိုးပမ်းဖွယ်ရှိနေပြီး ဂွါဒီယိုလာကို သက်တမ်းတိုးနိုင်ခဲ့တာကြောင့် အဲဒီအချက်က ဖြစ်နိုင်ခြေပိုများလာပြီ ဖြစ်ပါတယ်။

Most Viewed

Most Recent