အတိတ်မှာ ခမ်းနားခဲ့သမျှ မန်ချက်စတာဒါဘီတွေ၊ မက်ဒရစ်ဒါဘီတွေ၊ ဘယ်လိုဘောလုံးမိုးလေဝသမျိုးမှာမဆို ခမ်းနားခဲ့ပုံတွေ၊ ယူနိုက်တက်ရဲ့ ခမ်းနားမှုကို မန်စီးတီး ခေါင်းမော့ကြည့်ခဲ့ရချိန်တွေ၊ မက်ဒရစ်ရဲ့ ခမ်းနားမှုကိုမတော်လှန်နိုင်ဘဲ အက်သလက်တီကို အညံ့ခံခဲ့ရချိန်တွေ။
အခုဆိုရင် မန်ချက်စတာဒါဘီ၊ မက်ဒရစ်ဒါဘီတွေရဲ့ ရာသီဥတုဟာ ပြောင်းလဲနေခဲ့ပြီ။ ဆာအဲလက်စ်ခေတ်လွန် မန်ချက်စတာယူနိုက်တက်ရဲ့ ပြိုလဲသွားတဲ့ ခမ်းနားမှုတွေ၊ မန်စီးတီးက ခေတ်တစ်ခေတ်ဆီ စမတ်ကျကျရွေ့လျားနေပုံတွေ။
ဇီဒန်းရဲ့ မက်ဒရစ်မြို့ဆီ ဒုတိယအကြိမ်အပြန်လမ်းဟာ ဖိအားပြင်းမြေမြှုပ်ဗုံးတွေပဲ မကြာခဏနင်းမိနေတယ်။ ချန်ပီယံလိဂ်အုပ်စုအဆင့်ကလွတ်မြောက်ခွင့်အတွက် နောက်ဆုံးပွဲစဉ်အထိ တိုက်ပွဲဝင်ခဲ့ရတာဟာ တော်ဝင်အသွေးအသားမဟုတ်ပါဘူး။
ဖိအားတွေ၊ ဒုက္ခတွေကနေ လွတ်မြောက်ခွင့်ကို ဒါဘီပွဲတွေမှာ ဆောင်ယူနိုင်မလား။ ဒါမှမဟုတ် Ole Out ဆိုတဲ့တောင်းဆိုသံတွေ၊ Beginner’s Luck ပိုင်ရှင် ဇီဒန်းဆိုပြီး လှောင်ရယ်သံတွေ ကြားရဦးမလား။