■ NLD က တင်မယ့် ဒုသမ္မတ နှစ်ဦးက ဘယ်သူတွေ ဖြစ်နိုင်မလဲ၊ တပ်မတော်ဘက်ကပြောတဲ့ နိုင်ငံရေး အကျပ်အတည်း တကယ်ရှိနေလားနဲ့ NLD ပါတီတွင်း အခြေအနေတချို့အကြောင်း စကားစမြည်..
“သမ္မတနဲ့ပါတ်သက်ပြီး အမျိုးသမီးသမ္မတလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဗမာအမျိုးသမီး ဆိုတာထက် တိုင်းရင်းသားထဲက အမျိုးသမီးထဲကလည်း ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်မြင်တာတော့ ကချင်နဲ့ ကရင် တစ်ခုခုဖြစ်လိမ့်မယ်လို့ အဲဒိလိုတွက်မိတာပါပဲ၊ မွန် တော့ မထင်သေးဘူးဗျ၊ ရခိုင်ကတော့ သူတို့ ပြည်နယ်လွှတ်တော်နဲ့ ရခိုင်ပြည်နယ်ရဲ့ အုပ်ချုပ်ရေးပိုင်းကို ပိုပြီးအားသန်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါ့ကြောင့် ကရင်နဲ့ကချင်ကိုတွေးမိပါတယ်။”
“၂၀ရက် နေ့က ထုတ်တဲ့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်ကတော့ နည်းနည်းလေးထူးခြားတယ်။ စကားလုံးက နိုင်ငံရေးအကျပ်အတည်းလို့ သူတို့ သုံးထားတယ်။ အဲဒိစကားလုံးကိုတော့ ကျွန်တော်တော့ လက်မခံဘူး။ နိုင်ငံရေးအကျပ်အတည်းဆိုတာ ဒီနေ့ကာလမှာ မရှိဘူးလို့ ထင်တယ်။”
“အာဏာသိမ်းမလားဆိုတာနဲ့ပါတ်သက်ပြီး ကျွန်တော်တို့ အဆိုးဆုံးအတွက်တော့ ပြင်ဆင်ထားရမယ်။ အကောင်းဆုံးကတော့ လွှတ်တော်ခေါ်တယ် အေးအေးချမ်းချမ်းနဲ့သမ္မတရွေးမယ်။ ဝန်ကြီးဝန်ကလေးရွေးမယ် တိုင်းပြည်ကို ဆက်ပြီးတော့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်အောင်ကြိုးစားမယ် ဒါကတော့ အကောင်းဆုံးအခြေအနေပေါ့။ အာဏာသိမ်းတာဟာ တိုင်းပြည်ရဲ့ကောင်းကျိုးအတွက် အဖြေလားပေါ့။ နိုင်ငံရေးမှာ အဖြေရရုံနဲ့မပြီးဘူး။ ရလာဒ်ကိုပါထည့်တွက်ကြတာကိုး အာဏာသိမ်းတယ်ဆိုတာ အဖြေပဲ။ ဆိုတော့ ရလာဒ်ကဘာလဲ။ အဲဒိဟာရဲ့ consequence က ဘယ်လောက်အထိဖြစ်လာနိုင်မလဲဆိုတာကိုတော့ စဉ်းစားဖို့ သင့်တယ်။ အဲဒိဟာပါပဲ အာဏာသိမ်းချင်သူပဲဖြစ်ဖြစ် သို့မဟုတ် တခြား ဆူဆူပူပူဖြစ်အောင်လုပ်ချင်သူပဲဖြစ်ဖြစ် စဉ်းစားဖို့တော့သင့်တယ် အာဏာသိမ်းတယ်ဆိုတာ သိမ်းလို့ရတာပဲ လက်နက်ရှိတဲ့သူဆိုတာ အာဏာသိမ်းတယ်ဆိုတာ သိပ်တော့ မခက်ပါဘူး။ သို့သော်လည်းပဲ အဲဒိအာဏာသိမ်းတဲ့အတွက်ကြောင့် တိုင်းပြည်ရဲ့ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်မှု ဘယ်လောက်အထိနောက်ပြန်ဆုတ်သွားနိုင်မလဲ ဘယ်လောက်ထိဆုတ်ယုတ်သွားနိုင်မလဲ ဒါတွေတော့ စဉ်းစားဖို့လိုတယ်။”
မုံရွာအောင်ရှင်(အတွင်းရေးမှူး၊ NLD ဗဟိုပြန်ကြားရေးကော်မတီ)