လောင်းရိပ်တွေအောက်က ပြေးထွက်လာတဲ့ ရီးယဲလ်သူရဲကောင်း ဘန်ဇီမာ
ရီးယဲလ်မှာ ဘန်ဇီမာ ဖြတ်သန်းပေးဆပ်လာတာ (၁၂)နှစ်တိုင်ခဲ့ပါပြီ။ သူဟာ ဘယ်တုန်းကမှ ကိုယ်ပိုင်အလင်းရောင်နဲ့ သီးသန့် လင်းပခွင့်မရခဲ့ရှာဘူး။ သူ့ရဲ့ကိုယ်ရည် ကိုယ်သွေးဟာ Elite အလွှာမျိုးမဟုတ်ပေမဲ့ Great အဆင့်ထက်မနိမ့်ပါးပါဘူး။ ဒါပေမဲ့ ဘန်ဇီမာနဲ့ ပတ်သက်ရင် လူတွေက အမြဲတမ်းလိုလို သံသယမျက်လုံးတွေအရောင်လက်ချင်ကြတယ်။ ဝေဖန်မှုနှုတ်ခမ်းတွေ ခပ်သွက်သွက်လေးလှုပ်ရှားချင်ကြတယ်။ ဘန်ဇီမာဟာ ရီးယဲလ်မှာ လောင်းရိပ်ပေါင်းများစွာ မိခဲ့သူပါပဲ။ ကိုယ့်ပါရမီ ကိုယ် တိတ်တိတ်လေးပွတ်သပ်ရင်း ဖြေသိမ့်နေရသူပါပဲ။ ရီးယဲလ်ရပ်ဝန်းဆီရောက်ရှိလာမယ့်ကြယ်ပွင့်များစွာရဲ့ အလင်းရောင်တွေအကြောင်း တဖွဲ့တနွဲ့ချီးကျူးနေချိန်မှာ ဘန်ဇီမာကို ခေတ်ပေါ် ဘောလုံးကမ္ဘာဟာ မေ့ထားခဲ့ကြတယ်။ ရီးယဲလ်ရဲ့ ခမ်းနား အောင်မြင်မှုများရဲ့ လက်ကျန်မျိုးဆက်တစ်ဦးဟာ ညစဉ်ညတိုင်း အောင်မြင်မှုအကြောင်းတွေး နိုင်အောင် ဆယ်စုနှစ်တစ်ခုကျော်ကြာ ရင်းနှီးမြှုပ်နှံခဲ့ရတယ်။ ဘန်ဇီမာရဲ့ အသက်က (၃၃)နှစ်ရှိ နေပါပြီ။ သူ့ရဲ့ လက်ကျန်အလင်းတွေကို ဘယ် အချိန်အထိ ခံစားခွင့်ရဦးမလဲ။ ရီးယဲလ်ရဲ့ တခြား သောကြယ်ပွင့်တွေကြား နောက်လိုက်ကောင်း တစ်ဦးအဖြစ် အသုံးတော်ခံခဲ့သူဟာ အခုဆိုရင် ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် သရုပ်ဖော်နေပါပြီ။