လိုအပ်ချက်များစွာဖြင့် ပြည်သူတွေအထိနာလာသည့် COVID တတိယလှိုင်း

လိုအပ်ချက်များစွာဖြင့် ပြည်သူတွေအထိနာလာသည့် COVID တတိယလှိုင်း
Published 19 July 2021

လိုအပ်ချက်များစွာဖြင့် ပြည်သူတွေအထိနာလာသည့် COVID တတိယလှိုင်း

မြန်မာနိုင်ငံရဲ့ ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်း ကာလတွေမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက ဗိုင်းရပ်စ်ကူး စက်သူတွေ့ပြီဆိုတာနဲ့ သူတို့ကို နေအိမ်တွေကနေသွားခေါ်ကာ ကွာရန်တင်းစင်တာတွေဆီပို့ပြီး သီးခြားခွဲထား၊ ဂရုတစိုက်စောင့်ကြည့်ပြီး စားစရာကအစ ပံ့ပိုးစောင့်ရှောက်မှုတွေပေးနိုင်ခဲ့တဲ့အတွက် ပြည်သူတွေကို ဝန်တာမပိစေခဲ့ပဲ တစ်စုံတစ်ရာ သက်သာရာရခဲ့တယ်လို့ ဆိုရပါမယ်။

ဖေဖော်ဝါရီလ ၁ရက်နေ့နောက်ပိုင်း ပြောင်းလဲလာတဲ့နိုင်ငံရေးအခြေအနေတွေအကြားမှာ ဆေးရုံဆေးခန်းတွေကို အလွယ်တကူ သွားရောက်လို့မရတဲ့အပြင် ကိုဗစ်ရှိမရှိစစ်ဆေးဖို့နဲ့ ကုသမှုခံယူဖို့ရာမှာ အခက်အခဲတွေရှိလာတာတွေ့ရပါတယ်။ ဒါ့အပြင် နိုင်ငံရေးအကျပ်အတည်းနဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးအခက်အခဲကို ခွဲခြားရှုမြင်နိုင်စွမ်းမရှိပဲ သူမှန်ကိုယ်မှန် အငြင်းပွားမှု၊ သတင်းအချက်အလက်အမှားဖြန့်ချိမှု၊ နိုင်ငံရေးအမြတ်ထုတ်လိုမှုတွေကြောင့် ပြည်သူတွေအကြားမှာ အကျပ်အတည်းက ပိုမိုကြီးမားလာပြီး ကိုဗစ်တတိယလှိုင်းဒါဏ်ကို ကိုယ်ထူကိုယ်ထစနစ်နဲ့ပဲ ကျော်ဖြတ်နေရတာတွေ့ရပါတယ်။