■ ကမ္ဘာ့ဘိန်းစိုက်ပျိုးမှု နံပါတ်တစ်ဖြစ်လာသည့် မြန်မာနိုင်ငံ ... အပိုင်း (၂)

■ ကမ္ဘာ့ဘိန်းစိုက်ပျိုးမှု နံပါတ်တစ်ဖြစ်လာသည့် မြန်မာနိုင်ငံ ... အပိုင်း (၂)
Published 15 February 2024

 

ပြည်တွင်းရေး မတည်ငြိမ်မှုနှင့် အာဖဂန်နစ္စတန်နိုင်ငံ၌ ဘိန်းစိုက်ပျိုးမှု ကျဆင်းခြင်းတို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဘိန်း စိုက်ပျိုးမှုအများဆုံးနိုင်ငံဖြစ်လာသည်ဟု ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သော မူးယစ်ဆေးဝါးများနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးအပြောင်းအလဲဖြစ်ခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ လှုမှုရေး၊ စီးပွားရေး မတည်ငြိမ်မှုတို့ဖြစ်ပေါ်ခဲ့ခြင်းက မြန်မာလယ်သမားအများစုကို ဘိန်းစိုက်ပျိုးသည့် အနေအထားဖြစ်စေခဲ့သည်ဟု (UNODC) အစီရင်ခံစာတွင် ပါရှိသည်။ ■ အဖက်တမင်းအပါအဝင် စိတ်ကြွဆေးပြား ပမာဏများစွာ ထုတ်လုပ်ဖြန့်ချိသည့် နိုင်ငံ မြန်မာအပါအဝင် ရွှေတြိဂံဒေသတွင် စိတ်ကြွဆေးပြားများ များစွာ တင်သွင်းထုတ်လုပ်ဖြန့်ချိလျက်ရှိသည်ဟု သတင်းအချက် အလက်များက ဆိုသည်။] UNODC အပါအဝင် ကမ္ဘာပေါ်ရှိ အချက်အလက်စစ်တမ်းများ၏အဆိုအရ အဖတ်တမင်းကဲ့သို့သော စိတ်ကြွဆေးပြား ထုတ်လုပ်နေမှုမှာ မြန်မာနိုင်ငံသည် ထိပ်ဆုံးတွင်ပါဝင်နေသော နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပြီး မြန်မာနိုင်ငံမှထွက်သော မူးယစ်ဆေးဝါးများ၏ ရောင်းဝယ်ဖောက်ကားမှုငွေကြေးများတွင် ရာခိုင်နှုန်း ၅၀ နှင့်အထက်သည် အဖတ်တမင်း ရောင်းဝယ်ဖောက်ကားမှုမှရကြောင်း သိရသည်။ ■ မြန်မာနိုင်ငံအတွင်း ပျံ့နှံ့နေသည့် မူးယစ်ဆေးဝါး မြန်မာနိုင်ငံတွင် အစိုးရက နှစ်အလိုက် ဖမ်းဆီးမူးယစ်ဆေးဝါးဖျက်ဆီးမှုတန်ဖိုးများမှာ ၂၀၀၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၁၀ သန်း၊ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၆၆၇ သန်း၊ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၄၂ သန်းနှင့် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၄၆ သန်းဖြစ်သည်။ မြန်မာအရေးစောင့်ကြည့်လေ့လာရေး သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ISP အဖွဲ့၏ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၅ ရက်ထုတ် အစီရင်ခံစာတစ်ခုတွင် မြန်မာနိုင်ငံတွင် ဆေးခြောက်၊ ဆေးပြား၊ ဘိန်းဖြူ၊ ကတ်တမင်းနှင့် အိုက်စ်စသည့် မူးယစ်ဆေးဝါးများအား မြို့နယ် ၁၁၀ ကို အခြေခံစစ်တမ်းကောက်ယူရာတွင် ၉၃ မြို့နယ်နှင့်အထက်တွင် အတော်တော်များ၌ ရောင်းဝယ်ဖောက်ကား သုံးစွဲနေသည်ကိုတွေ့ရကြောင်း ဖော်ပြထားသည်။ ထို့ပြင် မြို့နယ် ၁၁၀ အနက် ၈၅ ရာခိုင်နှုန်းဖြစ်သည့် ၉၄ မြို့နယ်တွင် ဆေးခြောက်ကို အများဆုံးသုံး စွဲပြီးကြောင်း၊ WY ၊ ခေါင်းခါဆေးဟု လူသိများသည့် E ဆေးပြားများကို ဒုတိယအများဆုံးသုံးစွဲကြောင်း၊ ကော်ရှုခြင်နှင့် ဘိန်းဖြူကို တတိယအများဆုံးသုံးစွဲကြောင်းနှင့် ကိုကင်း၊ အိုက်စ်၊ ကတ်တမင်းသုံး စွဲမှုများသည်လည်း တွင်ကျယ်နေကြောင်း တွေ့ရှိရသည်ဟု ISP စစ်တမ်းက ဆိုသည်။ လက်နက်ကိုင်ပဋိပက္ခကြီးမား ကျယ်ပြန့်လာသည်နှင့်အမျှ နစကအနေဖြင့် မူးယစ်ဆေးသယ်ဆောင်ရာ လမ်းကြောင်းများကို ဖြတ်တောက်နိုင်စွမ်းအားနည်းလာခြင်း၊ စစ်ပွဲများနှင့်အတူ မူးယစ်ဆေးဝါးဈေးကွက် ပိုကျယ်ပြန့်လာပြီး ဈေးပေါလာမှုများသည်လည်း မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး ပျံ့နှံ့မှုအပေါ်သတိပြုစရာဖြစ်ကြောင်း ISP က စစ်တမ်းတွင်ထောက်ပြထားသည်။ ■ လက်နက်ကိုင်အဖွဲ့များနှင့် မူးယစ်ဆေးဝါး ဆက်စပ်နေမှုအခြေအနေ သောင်းကျန်းသူအဖွဲ့များနှင့် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံအတွင်းတည်ငြိမ်မှု မရှိအောင် လုပ်ဆောင်ပြီး ၎င်းကိုအခွင့်ကောင်းယူကာ ၎င်းတို့၏ ဝင်ငွေရလမ်းဖြစ်သည့် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းချခြင်းများ လုပ်ဆောင်နေသည်ကိုတွေ့ရကြောင်း၊ မူးယစ်ဆေးဝါးထုတ် လုပ်ရောင်းချခြင်းသည် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှုတို့ကို အထောက်အပံ့ ဖြစ်စေခြင်းကြောင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်နေသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံအတွင်း၌ တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ထုတ်လုပ်နိုင်ခြင်းမရှိခြင်းကြောင့် သောင်းကျန်းသူအဖွဲ့များအနေဖြင့် အခြားနိုင်ငံများမှ နည်းမျိုးစုံဖြင့် မြန်မာနိုင်ငံအတွင်းသို့ ချိတ်ဆက်သယ်ယူလျက်ရှိကြောင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်က ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။ ■ မြန်မာနိုင်ငံတွင် ကြီးထွားလာမည့် မူးယစ်ဆေးဝါး၏ နောက်ဆက်တွဲ အကျိုးဆက်နှင့် အိမ်နီးချင်းနိုင်ငံများအပေါ် သက်ရောက်နိုင်မှု မြန်မာအစိုးရအနေဖြင့် လက်ရှိတွင် ရေတပ်အင်အားနှင့် နည်းပညာကောင်းမွန်မှုအရ ရေလမ်းကြောင်းများမှ တရားမဝင် မူးယစ်ဆေးဝါးကုန်သွယ်မှုကို အတိုင်းအတာတစ်ခုအထိ ပိတ်ဆို့တားဆီးထားနိုင်သော်လည်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ များကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးနိုင်မှု အားနည်းချိန်တွင် နှစ်နိုင်ငံနယ်စပ်ဒေသများမှ မူးယစ်ဆေးများ ဖြတ်သန်းသယ်ဆောင်မှုများအပေါ် တားဆီးနိုင်ရန် ခက်ခဲလာမည်ဖြစ်သည်။ အဆိုပါအခြေအနေတွင် မြန်မာ့အိမ်နီးချင်းနိုင်ငံများသည်လည်း မိမိတို့နိုင်ငံအတွင်း ရောက်ရှိလာမည့် မူးယစ်ဆေးဝါးအန္တရာယ်ကို သတိချပ်သင့်သည်။ ■ ကမ္ဘာ့ဘိန်းစိုက်ပျိုးမှု နံပါတ်တစ်ဖြစ်လာသည့် မြန်မာနိုင်ငံ ... အပိုင်း (၃) ကို ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။