၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှစ၍ အာဏာတည်ကြောင်း နစက,က ထုတ်ပြန်သည်။ ယင်းဥပဒေသည် လွတ်လပ်ရေးရပြီးကာလ ၁၉၅၉ ခုနှစ် ပြည်သူ့စစ်မှုထမ်း ဥပဒေကို သန္ဓေတည်ပြီး နအဖလက်ထက် ၂၀၁၀ ပြည့် နှစ်တွင် ပြင်ဆင်ပြဋ္ဌာန်းရေးဆွဲခဲ့သောကြောင့် လက်ရှိကာလနှင့် တွက်မည်ဆိုလျှင် နှစ်ပေါင်း ၆၀ ကျော် ကြာနေပြီဖြစ်သည့်အတွက် ခေတ်ကာလနှင့် လျော်ညီမှုမရှိတော့ကြောင်း ဝေဖန်မှုများ ရှိနေသည်။ ယင်းဥပဒေအာဏာတည်ပြီးနောက် အနောက်နိုင်ငံများက ဝေဖန်သုံးသပ်မှုများရှိသည့်အပြင် Exile မီဒီယာများက လှုံ့ဆော်မှုများ ရှိလာသည့်အတွက် အောက်ခြေလူတန်းစားများ၊ အလယ်အလတ်တန်း၊ အထက်တန်း နှင့် Elite အလွှာများတွင် ရိုက်ခတ်မှုများရှိခဲ့သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းတွင် လူငယ်များ ညပိုင်းအလုပ်ဆင်းချိန်တွင် လမ်းပေါ်၌ စစ်ဆေးကာ ငွေကြေးတောင်းခံ၍ ပြန်လည်စေလွှတ်သည်ဟုလည်းကောင်း၊ ပေါ်တာဆွဲနေသည်ဟု လည်းကောင်း အစရှိသည့် ကောလာဟလသတင်းများ လူမှုကွန်ရက်စာမျက်နှာများနှင့် ရပ်ရွာဒေသအတွင်း ပျံ့နှံ့ခဲ့သည်။ ထို့ပြင် ယင်းဥပဒေပြဋ္ဌာန်းပြီးနောက် နိုင်ငံဒေသအနှံ့အပြားမှ လူငယ်များအနေဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်ရန် ကြိုးစားအားထုတ်မှုများလည်း ရှိလာခဲ့သည်။ ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ အသက်အရွယ်ပြဋ္ဌာန်းချက်အရ အဓိကအားဖြင့် လူငယ်လူရွယ်များကြားတွင် စစ်မှုထမ်းရမည်ဆိုသောကြောင့် စိုးရိမ်မှုများရှိနေခြင်း ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးအနေဖြင့်လည်း စစ်သားစုဆောင်းမှုများကို ၎င်းတို့ဒေသများတွင် အတင်းအကျပ် ပြုလုပ်လာကြသည်ကို တွေ့ရသည်။ ထိုသို့သော အခြေအနေတွင် တပ်မတော်အနေဖြင့် အချုပ်အခြာအာဏာအတွက် အင်အားရှိရန် တပ်သားသစ်များ စုဆောင်းရမည်မှာမှန်သော်လည်း မှန်ကန်သည့် တပ်သားစုဆောင်းရေးဖြစ်ရန်လိုပြီး ပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှု မဖြစ်စေရန် ထိန်းထိန်းသိမ်းသိမ်း စုဆောင်းသင့်သည်ဟုလည်း သုံးသပ်မှုများရှိနေသည်။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုနှင့် တိုင်းနှင့်ပြည်နယ်အလိုက်အဖွဲ့များ ဖွဲ့စည်းပြီးနောက် ဧပြီလမှစတင်ခေါ်ယူမည့် သင် တန်းများအတွက် ပထမခြောက်လတွင် တပ်မတော်ကို ထောက်ခံပြီး တပ်မတော်သို့ ဝင်ချင်သူများ၊ အချုပ်အခြာအာဏာအတွက် တိုက်ပွဲဝင်ချင်သူများ၊ ပြည်သူ့စစ်များ၊ အလုပ်အကိုင်မရှိသူများ၊ ကျောင်းမနေသူများကို ဦးစားပေးခေါ်သင့်ကြောင်း ထောက်ပြမှုများ ရှိနေသည်။ ထို့ပြင် ပြည်သူ့စစ်မှုထမ်းဥပဒေတွင် စစ်မှုထမ်းဆောင်ခြင်းမှ ယာယီရွှေ့ဆိုင်းခွင့်ကို ပြဋ္ဌာန်းထားသော်လည်း ပညာရှင်များ၊ လုပ်ငန်းတစ်ခုကို ဦးဆောင်၍ အခွန်ပုံမှန်ထမ်းဆောင်နေသူများ၊ နိုင်ငံခြားတွင် အလုပ်လုပ်နေသူများ၊ နိုင်ငံတကာတွင် ကုန်ကျစရိတ်များစွာဖြင့် ပညာသင်ကြားနေသူများကို စစ်မှုထမ်းဆောင်ခြင်းမှ နှစ်နှစ်မှ ငါးနှစ်အထိ ယာယီကင်းလွတ်ခွင့်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသည့် နိုင်ငံဖြစ်သည့်အပြင် ၁၉၅၉ ခုနှစ် ပြည်သူ့စစ်မှုထမ်းဥပဒေကို အခြေတည်၍ ၂၀၁၀ ပြည့်နှစ်က ရေးဆွဲပြဋ္ဌာန်းသည့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် ခေတ်မမီသဖြင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အနေဖြင့် ၎င်းတို့၏ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ နိုင်ငံအတွက် လိုအပ်သော အင်အားတစ်ရပ်ရရှိရန်အပြင် တိုင်းပြည်နှင့် အလွှာအသီးသီးမှ ပြည်သူများ စိုးရိမ်ထိတ်လန့်မှုနှင့် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေးတို့အတွက် ခေတ်နှင့်လျော်ညီသော သင့်တော်သည့် အမိန့်၊ ညွှန်ကြားချက်များ အလျင်အမြန်ထုတ်ပြန်၍ ဆောင်ရွက်သင့်ကြောင်း သုံးသပ်မှုများရှိနေသည်။
■ ခေတ်မမီတော့သည့် ၂၀၁၀ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပြည်သူများကြားက ကောလာဟလများ
Most Viewed
Most Recent
3 hours ago
3 days ago
4 days ago
4 days ago