အာရှထိပ်သီးဂျပန်အသင်းနဲ့ပွဲစဉ်ဟာ မြန်မာအသင်းပရိသတ်တွေရဲ့ ရင်ခုန်သံကို မြန်စေခဲ့ပါတယ်။ ဒီပွဲမတိုင်မီမှာ မြန်မာအသင်းက မွန်ဂိုလီးယားအသင်းကို စိတ်ပျက်ဖွယ်ရှုံးနိမ့်ထားပေမယ့် ပရိသတ်တွေဟာ မြန်မာအသင်းကို စိတ်မပျက်ဘဲ ဂျပန်အသင်းနဲ့ပွဲမှာ မိုးထဲလေထဲ တစ်ခဲနက်လာရောက်အားပေးခဲ့ပါတယ်။ ပွဲမတိုင်မီမှာ ဂျပန်အသင်းကို ဂိုးပြတ်ရှုံးနိမ့်မယ်လို့ ထင်ကြေးပေးခဲ့ပေမယ့် မြန်မာအသင်းက ဂိုးသမား ကျော်ဇင်ဖြိုးရဲ့ ကာကွယ်မှုတွေ၊ ခံစစ်ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့အတူ (၂)ဂိုးဂိုးမရှိနဲ့သာ ရှုံးနိမ့်ခဲ့လို့ ကျေနပ်စရာရလဒ်လို့ ဆိုရပါမယ်။ ဒုတိယပိုင်းမှာ မြန်မာအသင်းရဲ့ ကစားပုံက ချီးကျူးရမယ့်အနေအထားအမျိုးဖြစ်ပြီး တိုက်စစ်မှူး အောင်သူရဲ့ အဝေးကန်ချက်တစ်ကြိမ်က မြန်မာအသင်းပရိသတ်တွေရဲ့ ရင်ခုန်သံကို မြန်စေပါတယ်။
ဂျပန်အသင်းနဲ့ပွဲဟာ မြန်မာဘောလုံးလောကအတွက် မမေ့နိုင်စရာပွဲတစ်ပွဲဖြစ်ခဲ့သလို၊ မြန်မာအသင်းကို တစ်ခဲနက်အားပေးခဲ့ကြတဲ့ မြန်မာအသင်းပရိသတ်တွေကလည်း မမေ့နိုင်စရာကျေးဇူးတင်ရမယ့်သူတွေလည်း ဖြစ်ပါတယ်။