လာလီဂါ ချန်ပီယံဆုကို (၂) ရာသီဆက် သိမ်းပိုက်ထားနိုင်တယ်၊ လက်ရှိရာသီမှာလည်း လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်ထားတယ်။ ချန်ပီယံလိဂ်မှာလည်း အုပ်စုဗိုလ်ဖြစ်ခဲ့တယ်၊ Ballon d’ Or ဆုကို စံချိန်တင် (၆) ကြိမ်ပိုင်ဆိုင်ထားသူ မက်ဆီလို အသင်းခေါင်းဆောင်မျိုးလည်း ရှိနေတယ်။ ဒါပေမဲ့ ဘာစီလိုနာ အသိုက်အမြုံထဲ အကျပ်အတည်းတည်ရှိခြင်းအသံဟာ မကြာခဏဆူညံနေတယ်။ ဘာလို့များပါလဲ။ နည်းပြ ဗယ်လ်ဗာဒီကို မကြည်ဖြူခဲ့ရုံသက်သက် မဟုတ်ဘူး၊ မက်ဆီခေတ်လွန် အနာဂတ်ကို မျှော်တွေးပြီး ရင်မောနေရုံသက်သက် မဟုတ်ဘူး။ အမျှော်လင့်ခံသူရဲကောင်း ဂရစ်ဇ်မန်း ဟန်ချက်ပျက်နေတာကို စိတ်ပျက်နေရုံသက်သက် မဟုတ်ဘူး။ ကွင်းလယ်ဗိသုကာ ဇာဗီနဲ့ အင်နီယေစတာကို လွမ်းနေရုံသက်သက် မဟုတ်ဘူး။ ပီကေးရဲ့ အိုမင်းရင့်ရော်မှုကို ကြည့်ရင်း ဝမ်းနည်းနေရုံသက်သက် မဟုတ်ဘူး။ ဘာစီလိုနာ ပရိသတ်များစွာရဲ့ ရင်ထဲ ပြင်းထန်စွာ ခံစားနေရတာဟာ ဘာစီလိုနာရဲ့ စစ်မှန်တဲ့ယဉ်ကျေးမှု ပျောက်ဆုံးနေလို့ပါပဲ။