■ ရော်နယ်လ်ဒင်ဟိုရဲ့ အစွန်းအထင်းများလာတဲ့ ဘဝစာမျက်နှာများ

■ ရော်နယ်လ်ဒင်ဟိုရဲ့ အစွန်းအထင်းများလာတဲ့ ဘဝစာမျက်နှာများ
Published 7 March 2020

■ ရော်နယ်လ်ဒင်ဟိုရဲ့ ဘဝစာမျက်နှာတွေက အရောင်အပြောင်းအလဲ မြန်လွန်းတယ်လို့ဆိုရမလိုပါပဲ။ အောင်မြင်မှုတွေဆီ ခပ်မြန်မြန်ချီတက်နိုင်ခဲ့သလို ကျရှုံးမှုတွေနဲ့လည်း ခပ်မြန်မြန် ရင်ဆိုင်ခဲ့ရတယ်။ ရော်နယ်လ်ဒင်ဟို ကြယ်တစ်ပွင့်အဖြစ် တောက်ပခဲ့တဲ့အချိန်က ဆယ်စုနှစ်တစ်ခုလောက် ဝေးကွာခဲ့ပါပြီ။ အခုတော့ သူက ပါရာဂွေးမှာ ပတ်စ်ပို့တ်အတု ကိုင်ဆောင်မှုနဲ့ တရားရင်ဆိုင်နေခဲ့ရပါပြီ။ ဒါဟာ အခုနောက်ပိုင်း ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ကြုံတွေ့နေရတဲ့ ရော်နယ်လ်ဒင်ဟိုအတွက် နောက်ဆုံးပေါ်ပြဿနာလည်း ဖြစ်ခဲ့ပါတယ်။ အစ်ကိုဖြစ်သူ ရောဘတ်တိုနဲ့အတူ သူတို့ညီအစ်ကိုနှစ်ဦးကို ပါရာဂွေးနိုင်ငံသား ပတ်စ်ပို့တ်တွေနဲ့အတူ တွေ့ရှိခဲ့တာပါ။ ရော်နယ်လ်ဒင်ဟိုကတော့ ပါရာဂွေးနိုင်ငံက ဖိတ်ကြားမှုတစ်ခုကြောင့် လာခဲ့တာဖြစ်ကြောင်းနဲ့ ဒီပတ်စ်ပို့တ်တွေကိုလည်း ဖိတ်ကြားသူတွေက စီစဉ်ပေးခဲ့ခြင်းဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။

■ ဘောလုံးကစားတဲ့နေရာမှာ အမြဲလိုလို ပြုံးပြုံးရွှင်ရွှင်နဲ့ ကစားလေ့ရှိပြီး အပျော်အပါးကို ခုံမင်တဲ့ ရော်နယ်လ်ဒင်ဟိုဟာ ၂၀၁၈ ခုနှစ်မှာ ဘောလုံးသမားဘဝက အနားယူလိုက်ပေမယ့် ပရိသတ်တွေအပေါ် လွှမ်းမိုးနိုင်ဆဲ၊ ဆွဲဆောင်နိုင်ဆဲဖြစ်တာကြောင့် Instagram မှာ Post တစ်ခုတင်တိုင်း ပေါင်(၁၅၀၀၀၀)လောက် ရရှိနေသေးတယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူ့သတင်းတွေကြားရတာ သိပ်ပြီးမကောင်းတော့ဘူး။ ငွေရေးကြေးရေး အရှုပ်အထွေးတွေ၊ အကြွေးပြဿနာတွေ တစ်ခုပြီးတစ်ခု ပေါ်ထွက်ခဲ့တာဖြစ်ပြီး ဘရာဇီးလ်တရားရုံးက ချမှတ်ထားတဲ့ ဒဏ်ငွေတွေကို ပေးဆောင်ခြင်းမပြုတာကြောင့် ဘရာဇီးလ်ပတ်စ်ပို့တ်ကို သိမ်းဆည်းခံထားရတယ်လို့လည်း သိရပါတယ်။

■ အခုတော့ တခြားနိုင်ငံအထိ ထွက်ပြီး ပြဿနာရှာသလို ဖြစ်လာခဲ့ပါပြီ။ သူ့ကို ချစ်နေဆဲ၊ မြက်ခင်းစိမ်းထက်က သူ့ရဲ့ပုံရိပ်တွေကို အမှတ်တရရှိနေဆဲ ပရိသတ်တွေကတော့ သူ့ကို ခလုတ်မထိ ဆူးမငြိစေဖို့ တောင်းဆုပြုနေကြမှာ သေချာပါတယ်။ ဘဝစာမျက်နှာအသစ်ကို အစွန်းအထင်းကင်းကင်း၊ တည်တည်ငြိမ်ငြိမ်နဲ့ ထုဆစ်ရေးသားသွားနိုင်ဖို့ ဆန္ဒရှိနေကြမှာလည်း သေချာပါတယ်။

Most Viewed

Most Recent