တပ်မတော်အနေနဲ့ တိုင်း ပြည်နယ်ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ တိုင်း ပြည်နယ်လွှတ်တော်က ခန့်ထားရန်လိုလား

တပ်မတော်အနေနဲ့ တိုင်း ပြည်နယ်ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ တိုင်း ပြည်နယ်လွှတ်တော်က ခန့်ထားရန်လိုလား
Published 16 October 2020

“ကျွန်တော်တို့ တပ်မတော်အနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ တိုင်းဒေသကြီးများ၊ ပြည်နယ်လွှတ်တော်က ရွေးချယ်ခန့်ထားရေးကို လိုလားပါတယ်။”

■ ကျွန်တော်တို့နိုင်ငံအတွင်းမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံရှိသလို နိုင်ငံရေးမူဝါဒကို အခြေခံဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါ တီများ၊ နယ်မြေဒေသနဲ့ တိုင်းရင်းသားလူမျိုးတွေကို အခြေခံပြီးဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီများဆိုပြီး မျိုးစုံရှိကြပါတယ်။ အင်အားကြီးပါတီဟာ ၂ ခု ထက်မကရှိသလို ပါတီငယ်များစွာလည်းရှိပါတယ်။ တိုင်းရင်းသားလူမျိုးတွေ ပေါင်းစည်း စုစည်းနေထိုင်တဲ့ ပြည်ထောင်စုလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ နိုင်ငံ့အရေးကိုဆောင်ရွက်ကြမယ့် နိုင်ငံရေးပါတီများဟာ နိုင်ငံတော်တည်ဆောက်ရေးမှာ ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုပါဝင်ဆောင်ရွက်နိုင်ဖို့လိုပါတယ်။ အချိုးကျ ကိုယ်စားပြုခြင်းစနစ်ကို ပြောင်းလဲကျင့်သုံးခြင်းအားဖြင့် တိုင်းရင်းသားပြည်သူများ ဥပဒေပြုလွှတ်တော်တွေမှာ ပိုမိုကိုယ်စားပြုခွင့်ရရှိမှာဖြစ်ပြီး ပြောရေးဆိုခွင့်လည်း ရရှိလာမှာဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုကြီးများသာမက တိုင်းရင်းသား လူမျိုးစုငယ်များအနေနဲ့လည်း သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် တွေမှာသာမက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တွေမှာပါဝင်နိုင်တဲ့အခွင့်အရေး ပိုမိုရရှိပြီး မိမိဒေသအကျိုး၊ လူမျိုးအကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်ခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့နိုင်ငံဟာ ထာဝရငြိမ်းချမ်းရေးမှ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုစနစ်ကို အမြန်ဆုံးသွားရောက်နိုင်မှာဖြစ်ပါတယ်။
■ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်)

(အောက်တိုဘာလ ၁၅ရက်နေ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၅)နှစ်မြောက်အထိမ်းအမှတ်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။)
 

Most Viewed

Most Recent