■ ယခင်အစိုးရနှစ်ဆက်တိုင်တိုင် အဂတိကိစ္စနဲ့ နာမည်ကြီးတဲ့အတွက် ရပ်ဆိုင်းထားခဲ့ရတဲ့ မြကျွန်းသာမှာ စီမံကိန်းလုပ်ငန်းတွေ ပြန်စနေပြီလား ... ■ 

■ ယခင်အစိုးရနှစ်ဆက်တိုင်တိုင် အဂတိကိစ္စနဲ့ နာမည်ကြီးတဲ့အတွက် ရပ်ဆိုင်းထားခဲ့ရတဲ့ မြကျွန်းသာမှာ စီမံကိန်းလုပ်ငန်းတွေ ပြန်စနေပြီလား ... ■ 
Published 18 October 2023

■ အောက်တိုဘာလဆန်းပိုင်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် တစ်ဦးလည်းဖြစ် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို အဂတိလိုက်စားမှုနဲ့ စစ်တရားရုံးက နှစ် ၂၀ ကာလနှင့် ညီမျှသော ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပါတယ်။
နစကရဲ့ ထုတ်ပြန်ချက်အရ ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) မိုးမြင့်ထွန်းဟာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကောင်မတီ ဥက္ကဋ္ဌ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ တာဝန်တွေကို ထမ်းဆောင်စဉ်အတွင်း နိုင်ငံတော်၏ နိုင်ငံခြားသုံးငွေဆိုင်ရာမူဝါဒ၊ အရေးကြီးကုန်စည်ဆိုင်ရာမူဝါဒနဲ့ အခြားစီးပွားရေးဆိုင်ရာမူဝါဒများကို ဆန့်ကျင်ပြီး ပုဂ္ဂိုလ်ရေးအကျိုးအမြတ်ရယူ ဆောင်ရွက်ခဲ့တာကြောင့်လို့ ဆိုပါတယ်။
ဒီလိုလုပ်ဆောင်တာဟာ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်ခဲ့ခြင်း၊ နိုင်ငံတော်အစိုးရက စားအုန်းဆီများကို တင်သွင်းရန် သတ်မှတ်ရာခိုင်နှုန်းအတွက် ကျသင့်ဒေါ်လာတွေကို ဗဟိုဘဏ်က ရည်ညွန်းဈေးနှုန်းနဲ့ ရောင်းချပေးကာ တင်သွင်းစေခဲ့ပေမဲ့ နိုင်ငံတော်အစိုးရက ခွင့်ပြုရောင်းချရန် သတ်မှတ်ထားတဲ့ ရည်ညွန်းဈေးနှုန်းထက် ဈေးတင်ရောင်းချခြင်းကိုသိလျက် အရေးယူရန် ပျက်ကွက်ခြင်း၊ ပတ်သက်ဆောင်ရွက်ခြင်း၊ ကုမ္ပဏီတွေက ပေးအပ်တဲ့ တံစိုးလက်ဆောင် ပစ္စည်းများကို ရာထူးလုပ်ပိုင်ခွင့်ကို အသုံးပြု၍ ရယူဆောင်ရွက်ခဲ့ခြင်း၊ နိုင်ငံခြားသုံးငွေများကို တရားမဝင် လက်ဝယ်ထားရှိခြင်း၊ စစ်စည်းကမ်း ဆိုင်ရာ ညွှန်ကြားချက်များကို ဖောက်ဖျက်၍ အရပ်ဘက်စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့လို့ ထောင်ဒဏ် တစ်သက်နှင့်ညီမျှတဲ့ အရေးယူမှုနဲ့ နစက,က အရေးယူလိုက်တာပဲ ဖြစ်ပါတယ်။

■ ဦးသိန်းစိန် အစိုးရလက်ထက်မှာ အဂတိလိုက်စားမှု ရှိ မရှိ မေးခွန်းထုတ်ခြင်းခံရတဲ့၊ ပြည်သူ့ဘဏ္ဍာနစ်နာဆုံးရှုံးမှုတွေရှိခဲ့လို့ ဝေဖန်မှုတွေခံခဲ့ရတဲ့ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်က မြကျွန်းသာစီမံကိန်းကို ဦးသိန်းစိန်အစိုးရ ဆင်းခါနီးအချိန်မှာပဲ ရပ်ဆိုင်းဖို့ အမိန့်ထုတ်ခဲ့ရပြီး ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာလည်း  စီမံကိန်းတွေ ဆက်လက်လုပ်ဆောင်ခြင်းမရှိဘဲ ရပ်နားထားခဲ့ရတာ အားလုံးအသိပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ လက်ရှိ ၂၀၂၃ ခုနှစ်  ဇူလိုင်လအတွင်းမှာ Inya Palace Centre အမည်နဲ့  လူမှုကွန်ရက်စာမျက်နှာမှာ မြကျွန်းသာက ဆိုင်ခန်းတွေ ငှားရမ်းမယ်ဆိုတဲ့ ကြော်ငြာတစ်ခုကို ကြေညာလာတာတွေ့ခဲ့ရပါတယ်။