■ မြတ်ဗုဒ္ဓဖွားမြင်တော်မူရာ လုဗ္ဗိနီသာမော အင်ကြင်းတော

■ မြတ်ဗုဒ္ဓဖွားမြင်တော်မူရာ လုဗ္ဗိနီသာမော အင်ကြင်းတော
Published 5 January 2024

၁၉၉၇ ခုနှစ်မှာ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့တဲ့ လုဗ္ဗိနီဥယျာဉ်တော်ဟာ ဂါတမမြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူရာနေရာဖြစ်ပါတယ်။

သက္ကတိုင်း ကပိလ၀တ်ပြည့်ရှင် ဘုရင် သုဒ္ဒေါဓန မင်းကြီးနဲ့ မိဖုရားခေါင်ကြီး မယ်တော်မာယာတို့မှ မဟာ သက္ကရာဇ် (၆၈) ခုနှစ်ကဆုန်လပြည့်နေ့မှာ အလောင်းတော် သိဒ္ဓတ္ထမင်းသားကို လုဗ္ဗိနီဥယျာဉ်တော်မှာ ဖွားမြင်တော်မူခဲ့ပါတယ်။

အဲဒီနေ့ဟာ ဗုဒ္ဓဘာသာ၀င်တွေနဲ့ ဗုဒ္ဓ အဆုံးအမကို လေးစားလိုက်နာသူတွေအတွက် မမေ့ထိုက်တဲ့ နေ့ရက်တစ်ရက်ဖြစ်သလို လုဗ္ဗိနီဥယျာဉ်တော်ဟာလည်း ဗုဒ္ဓဘာသာ၀င်တွေအတွက် အထွဋ်အမြတ်ထားရာ နေရာဖြစ်ပါတယ်။ မြတ်ဗုဒ္ဓအနေနဲ့ ဘုရားဖြစ်တော်မူပြီးနောက် ကပိလ၀တ်နဲ့ ဒေ၀ဒဟသို့ ကြွချီရာမှာ လုဗ္ဗနီဥယျာဉ်တော်မှာ နားခိုတော်မူခဲ့ပြီး ဒေ၀ဒဟ သုတ္တန်ကို ဟောကြားတော်မူခဲ့ပါတယ်။

မြတ်ဗုဒ္ဓအလောင်းတော်ဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်တော်ဟာ အဲဒီအချိန်က ကပိလ၀တ်နဲ့ ဒေ၀ဒဟ တိုင်းပြည်နယ်ကြားမှာ တည်ရှိပြီး လက်ရှိအချိန်မှာ နီပေါနိုင်ငံအတွင်း တည်ရှိပါတယ်။ ဗုဒ္ဓဂယာဘုရားဖူးတွေအနေနဲ့ လုမ္ဗိနီဥယျာဉ်တော်သို့ သွားရောက်ဖူးမျှော်ရာမှာ လုမ္ဗိနီဥယျာဉ်တော်၊ အသောကကျောက်တိုင်၊ မယ်တော်မာယာသားဖွားခန်းကျောက်ရုပ်၊ စေတီတော်ငယ်များ၊ ရေကန်ငယ်၊ ကပိလဝတ်မြို့နဲ့ နိဂြောဓာရုံတို့ကို သွားရောက်နိုင်မှာဖြစ်ပါတယ်။

Most Viewed

Most Recent